Tuesday, August 17, 2010
ကျောင်းတုန်းက (၂)
ကျောင်းတုန်းကလေ ကျွန်မမှာခင်ဖို့ကောင်းပြီး ဟာသတွေပြောတတ်တဲ့ ဝင်းထွဋ္ဋ် ဆိုတဲ့သူငယ်ချင်းတစ်ယောက်ရှိ ခဲ့ဖူးတယ် ။
မျက်စိအားနည်းလို့မျက်မှန်တတ်မှ ဘယ်သူဆိုတာကွဲကွဲပြားပြားမြင်နိုင်တဲ့ကျွန်မ ။
မျက်မှန်မတတ်ပဲ ခပ်လှမ်းလှမ်းနေရာကတင် ဒါဝင်းထွဋ္ဋ်ပဲလို့ခွဲခြားသိနိုင်တယ် ။
ဘာကြောင့်လဲဆိုတော့ သူငယ်ချင်း ဝင်းထွဋ္ဋ်မှာ ထူးခြားတဲ့အသွင်အပြင် ရှိလို့ပဲပေါ့ ။
နှာတံချွန်ချွန် အသားဖြူဖြူ ခပ်ပိန်ပိန် နဲ့ ကချင်လွယ်အိတ်အမြဲလွယ်တတ်တယ် ။
လမ်းသွားတိုင်းပုဆိုး မပြီးသွားတတ်တယ် ။ ဘောလုံးကန်ကောင်းတယ် ။
ဒါက အခြားလူအချို့အချို့ မှာရှိတတ်တဲ့ သူ့မှာလည်းရှိတဲ့ ပုံမှန်အသွင်အပြင်လေးပါ ။
တနေ့ ကျွန်မတို့ Mechatronics မေဂျာ တစ်ခုလုံးကို ကျောင်းအုပ်ဆရာမကြီးဒေါ်တိုးတိုးသန်း ( ကျယ်ကျယ်မသန်းရ)က
အစည်းအဝေးခေါ်တယ် ။ စာမေးကြီးနီးပြီမို့ စာကောင်းကောင်းကြိုးစားကြဖို့ ရိုးရိုးသားသားဖြေဖို့ ခေါ်ဆုံးမတာပေါ့ ။ ။
စာမေးပွဲရှိတဲ့ မေဂျာတူ အတန်းတွေစုပြီးခေါ်တာ ဆိုတော့ အစည်းအဝေးခန်းထဲမှာ လူတွေ ကျိပ်ကျိပ် တိုးလို့ အစည်းအဝေးရှိတဲ့နေ့ဆို ပျက်ကွက် နာမည်စာရင်းထဲပါမှာစိုးလို့ ကျောင်းလာ တတ်ကြတယ်ထင်ပါရဲ့ ။
လာတတ်ကြတဲ့ကျောင်းသားတွေထဲမှာ တခါမှမမြင်ဖူးတဲ့ကျောင်းသားအချို့တောင်ပါသေးရဲ့ ။
ဒါကလည်း ဌာနမှူးရဲ့အစည်းအရုံးကောင်းလို့လည်းပါရဲ့ ။
ဌာနမှူး အဲဒီနေ့ကျောင်းတတ်ဖို့စည်းရုံးခဲ့ပုံက လက်ဆောင်တွေမဲဖောက်ပေးမယ် ၊ မုန့်ကြွေးမယ် ဆိုပြီးဆွယ်ခဲ့တာမဟုတ်ဘူးနော် ။
( သိတိပေးတားမြစ်ချက် >>> အခြားကျောင်းမှ ဆရာဆရာမများ မူပိုင်ခွင့်မရဘဲ မကျင့်သုံးရ မှော်ဘီ နည်းပညာကောလိပ် ဌာနမှူး ဦးXXXXX မူပိုင်)
“ မင်းတို့ အဲဒီနေ့ကျောင်းတတ်တဲ့သူကို ကျောင်းခေါ်ချိန် ၇၅ ရာခိုင်နှုန်းဖြည့်ပေးမယ် ”
ဌာနမှူး ပြောခဲ့တာက နှစ်ဦးနှစ်ဖက် အကျိုးရှိတယ်မဟုတ်လား ။
ကျောင်းသားမလာလို့ ဌာနမှူး ဆရာမကြီး အပြောခံရ လွတ်မယ် ။
ကျောင်းလာတဲ့ကျောင်းသားတွေလည်း ကျောင်းခေါ်ချိန်ပြည့်မယ် ။
ကဲဘယ်လောက်ပညာသားပါတဲ့ စည်းရုံးနည်းလဲ
ဒါက ဌာနမှူး အကြောင်း ကြားဖြတ်ကြေငြာ …..
အဲဒီနေ့ ကျောင်းပျက်များတဲ့သူငယ်ချင်း ဝင်းထွဋ္ဋ် လည်း ကျောင်းခေါ်ချိန်ပြည့်ရေး အတွက် ကျောင်းေ၇ာက်လာခဲ့တယ် ။
ကျောင်းကားလွတ်သွားလို့ နောက်ကျမှကျောင်းရောက်တယ်
သူရောက်တော့ အစည်းအဝေးခန်းထဲ အားလုံးနေရာယူပြီးနေပြီ ။
ဆရာမကြီးကလည်း ဆင်ခပ်မြင်မြင့်လေးပေါ်က ထိုင်ခုံလေးမှာ နေရာယူပြီး
“ ငါ့ကျောင်းသားတွေတော်တော်လိမ္မာပါလား အားလုံးနီးပါးကျောင်းလာကြတယ်ကြည့်စမ်း ” ဆိုတဲ့ ပီတိအပြုံးနဲ့အားလုံးကိုဖြန့်ကျက်ပြီး ခပ်ရွှင်းရွှင်းကြည့်လို့ ။
အဲဒီလိုသာသာယာယာအချိန်လေးမှာ
သူငယ်ချင်း ဝင်းထွဋ္ဋ်က အစည်းအဝေးအခန်းရဲ့ တစ်ပေါက်တည်းသော မိန်းတံခါးပေါက်ကတဆင့်
ဆရာမကြီးထိုင်နေရာ ထိုင်ခုံတည့်တည့် အလယ်မိန်းလမ်းမကြီးကနေပေစောင်းစောင်းဝင်လာလေရဲ့ ။
ခုနကပြုံးပြုံးကြီးကြည့်နေတဲ့ဆရာမကြီး အစည်းအဝေးအခန်းထဲ နောက်ကျရောက်လာပြီး
ခေါင်းတစ်ချက်မငုံ့ပဲပေစောင်းစောင်းဝင်လာတဲ့သူ့အမူအရာကိုမြင်တော့မျက်နှာချက်ချင်းပျက်သွားတယ် ။
ပြီးတော့ ခပ်စူးစူးကြီး ဝင်းထွဋ္ဋ်ကိုကြည့်ပြီး
“ မင်းဘာလို့ ခေါင်းကိုပေစောင်းစောင်းလုပ်ပြီးဝင်လာရတာလည်း မင်းအပြင်မှာ ဘယ်လို ပေစောင်းစောင်းခပ်ရွဲ့ရွဲ့ နေနေ ငါရှေ့ မှာဒီလိုမနေသင့်ဘူး ဒါငါ့ကိုမထီမဲ့မြင်လုပ်တာပဲ ပြီးတော့ ဒါ အစည်းအဝေးခန်းကွ စည်းကမ်းရှိရှိ ရိုးရိုးကျိုးကျိုး နေရတယ်”
အဲဒီနောက် .....
ဝင်းထွဋ္ဋ် ဆ၇ာမကြီးကို ပေစောင်းစောင်းလေးပဲ ပြန်ကြည့်ပြီး
“ ဆရာမကြီး ကိုမထီမဲ့မြင်ပြုတာမဟုတ်ပါဘူး ကျွန်တော်ကမွေးရာပါခေါင်းစောင်းနေတာပါ ”
ကျောင်းသားအချို့က ဝါးကနဲ ရယ်ကြတယ် ။ အချို့က ဟင် အံ့သြစိုးထိတ်သံများထွက်ကျလာတယ် ။
ဆရာမကြီး မျက်နှာချက်ချင်းပြောင်းသွားတယ် တခုခုသူမှားသွားပြီဆိုတဲ့ အရိပ်တွေသူမမျက်နှာပေါ်မှာ အတိုင်းသားမြင်လိုက်ရ တယ် ။ ဆ၇ာမကြီးဆီကဘာစကားသံမှထွက်မလာခဲ့ပါဘူး ။
ဝင်းထွဋ္ဋ် လည်း အေးအေးဆေးဆေးပဲသူငယ်ချင်းတွေကြားတိုးကြိပ်ရောနှောထိုင်လိုက်ပါတယ် ။
အစည်းအဝေးခန်းတစ်ခုလုံးငြိမ်သက်တိတဆိတ်နေတာမို့နှစ်ဦးစလုံးစကားသံကို သဲသဲကွဲကွဲ ကြားလိုက်နိုင်ပါတယ်
အဲဒီအချိန် ကျောင်းသားတိုင်းမျက်လုံးက ဝင်းထွဋ္ဋ်နဲ့ ဆရာမကြီး တလှည့်စီကြည့်ရင်းဘာဆက်ဖြစ်မလဲ တွေးတောနေကြလေရဲ့ ။
ကျောင်းသားအချို့က ဒီပွဲကကြည့်မကောင်းဘူးတဲ့
အချို့က ဆရာမကြီးကိုအပြစ်တင်တယ် ဝင်းထွဋ္ဋ် ကိုဂရုဏာသက်ကျတယ်
ကျွန်မ ကတော့ ဆရာမကြီးကိုအပြစ်မတင်ပါဘူး ဘာဖြစ်လို့လဲဆိုတော့ ဆရာမကြီးပြောလိုက်တဲ့ထဲမှာ သူတဖက်သားနစ်နာအောင်ဆိုတဲ့ ရည်ရွယ်ချက်မပါဘူး ။ မရည်ရွယ်ပဲဖြစ်သွားတဲ့အမှားလေးပါ ။
ပြီးတော့ အစည်းအဝေးအပြီးမှာ ဆရာမကြီး ဝင်းထွဋ္ဋ်နားကိုယ်ရောက်လာပြီး တောင်းပန်စကားဆိုခဲ့တယ် ။
အထက်လူက အောက်လက်ငယ်သားကို တောင်းပန်တယ်ဆိုတာ ရှားရှားပါးပါး ဖြစ်ရပ်စာရင်းထဲပါတယ်။
ဆရာမကြီးစီက ကျွန်မအမှတ်မထင်သင်ခန်းစာလေးရလိုက်ပါတယ် ။
“ ကိုယ်မှားတယ်ဆိုတာသိတာနဲ့ တောင်းပန်ရဲတဲ့သတ္တိဟာ ဘယ်လူတန်းစားမှာ မဆိုရှိသင့်ရှိထိုက်ပါတယ် ”
ဝင်းထွဋ္ဋ်ကို ကျွန်မချီးကျူးတယ် သူဟာလူငယ်မို့ဒေါသထွက်ကောင်းထွက်နေပေမဲ့ သူ့စိတ်ကိုယ်သူ အကောင်းဆုံး ထိန်းချုပ်နိုင်ခဲ့တယ် ။
ပြီးတော့ကိုယ်ရဲ့အားနည်းချက်ကို လိုအပ်လာရင် အေးအေးဆေးဆေး ရှင်းပြကြေငြာရဲတဲ့သတ္တိလည်း ရှိတယ် ။
နင်စိတ်မဆိုးဘူးလားလို့ကျွန်မသူ့ကိုမေးတော့
“ ပညာရှိအမြတ် အပြင်မထွက် ” လို့သူရယ်ကျဲကျဲလေးနဲ့ဖြေခဲ့တယ်
Ps ; ဝင်းထွဋ္ဋ်ရေ ငါနင့်ကိုအမှတ်ရနေပါသေးတယ် သူငယ်ချင်းရေ ……….
Labels:
ရောက်တတ်ရာရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment