Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Monday, August 30, 2010

သူဟာဘယ်သူလဲ ?





ကြင်ဖော်ယောက်ျား

ယောက်ျားတစ်ယောက်ရဲ့တာဝန်

ကြီးလေးတဲ့တာဝန်ကို ပုခုံးနှစ်ဘက်နဲ့ ထမ်းထားတယ်

ညနက်သန်းခေါင်မှ ပင်ပင်ပန်းပန်းပြန်လာတယ်

စားဝတ်နေရေးအတွက် နေရာအနှံ့ပြေးလွှားရတယ်

ပြောမထွက်ခဲ့တဲ့ စိတ်ဆင်းရဲခြင်းတွေ

မျက်နှာပေါ်က ရင့်ရော်ခြင်းတွေ

ခယ်မ၊ ယောက္ခမတွေအတွက် တာဝန်တွေ

ကျရှုံးခြင်း၊ ဆုံးရှုံးခြင်းနဲ့ ရုန်းကန်မှုတွေ

မိသားစုအတွက်၊ သားသမီးအတွက် မေတ္တာတွေ....

ဒါဟာ သင့်ခင်ပွန်းပဲဖြစ်တယ်။

ကြင်ဖော်ဇနီးမယား

နွေးထွေးတဲ့ မိသားစုတစ်စု

ကြိုးစားရုန်းကန်ခဲ့တဲ့ လက်တစ်စုံ

သင့်ပြန်အလာကို ညနက်သန်းခေါင်အထိစောင့်နေတဲ့ မငြိမ်းတဲ့မီးတစ်ပွင့်

ကျန်းမာရေးဂရုစိုက်ပါလို့ ၁၂ ရာသီလုံးမှာတဲ့စကား

အနှိုင်းမဲ့တဲ့ ဂရုစိုက်မှု

ယောက္ခမအတွက် အပြုအစု

ကလေးအတွက် မနက်မိုးချုပ်စောင့်ရှောက်မှု

သင်ကြိုက်တဲ့အစားအစာအတွက် အချက်အပြုတ်

သင့်အတွက် ဆုံးရှုံးလိုက်ရတဲ့ နုပျိုခြင်းတွေ....

ဒါဟာ သင့်ဇနီးမယားပဲဖြစ်တယ်။

ဒါကမနိုင်းရဲ့ ကွာရှင်းဟော်တယ် ခေါင်းစဉ်လေးအောက်က စာသားအနှစ်ချုပ်လေးပါ ..

အဲဒီခေါင်းစဉ်လေးကိုဖတ်ပြီး မေးခွန်းလေးတစ်ခုထွက်ကျလာတယ် ။ ဒီမေးခွန်းလေးက ရဲ့အဖြေကိုရှုထောင့်မျိုးစုံက ဖြေကြည့်နိုင်တယ်

သင့်ရဲ့ကျန်ရစ်နေသေးတဲ့ အချိန်နဲ့ နောက်ဆုံးအချိန်ထိ သင့်ကိုအချိန်ပေးပြီး ကူညီစောင့်ရှောက် ဖေးမ နိုင်တဲ့ သူဟာဘယ်သူလဲ ??????

(၁)မိဘ

(၂)ညီအကိုမောင်နှမ

(၃) ဆွေမျိုးသားချင်း

(၄) မိတ်ဆွေ သူငယ်ချင်း

(၅)ကြင်ဖော်



လူသားတိုင်းလွတ်လပ်စွာ တွေးခေါ် ၊ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိပါတယ် ။ ကျွန်မ ခံယူ တွေးခေါ် ခဲ့မိတာကတော့ ……

(၁) မိဘ

မိဘ ဆိုတာဘယ်လိုမှ နိုင်းယှဉ်လို့မရတဲ့ အနန္တဂိုဏ်းဝင်ပါ ။ မိဘတွေပြုစုပျိုးထောင်ပေးလို့ လူသားတစ်ယောက် အဖြစ်ရှင်သန်ရုန်းကန်ခွင့်ရနေတာကိုက နဲနဲနောနော အခွင့်အရေးလား ။

သူတို့ဆီက ဘာများသင်ထပ်မျှော်လင့်ချင်ပါသေးလဲ ?

ဖြစ်စဉ် - သားတစ်ယောက် နဲ့ မိခင်

ပညာတတ်ဘွဲ့ရတဲ့အထိ မိဘတွေသင့်ကိုပေးဆပ်ခဲ့ပြီးပြီ

သင်ကိုယ်တိုင်ရွေးချယ်ခဲ့တဲ့ သူတို့မသိတဲ့သင့်ရဲ့ဇနီးမယားကိုလည်းလက်ခံပေးခဲ့ပြီးပြီ

ဒါတောင် သားဖြစ်သူက မိဘဆီက ဘာလို့အကူအညီအထောက်အပံ့တောင်းနေဦးမှာလည်း

မိဘ တစ်သက်လုံးပြုစုစောင့်ရှောက်လာခဲ့တဲ့ သားကိုလည်းပေးခဲ့ပြီး ပြီ

ဒါတောင် ချွေးမဖြစ်သူက ယက္ခမတွေဆီက ဘာလို့အကူအညီအထောက်အပံ့တောင်းနေဦးမှာလည်း

“ အိုမင်းနေပြီဖြစ်တဲ့မိဘ ကို သင်ကသာပြုစု ထောက်ပံ့ စောင့်ရှောက် သင့်ပါတယ် သူတို့ပေးနိုင်သလောက် သင့်ဘဝအတွက် ပေးဆပ်ခဲ့ပြီးပြီ သူတို့ကိုထပ် ပူပန်ရအောင် သင့်အပူတွေကိုပေးဝေမနေပါနဲ့တော့ ”

(၂) ညီအကိုမောင်နှမ

ညီအကိုမောင်နှမ ဆိုတာ ကိုယ်ဆီမိသားစုမရှိခင်တော့ သူတို့သင်လိုအပ်တဲ့အခါတိုင်းရောက်လာပေးနိုင်ပေမဲ့ 

ကိုယ်ဆီမိသားစု ရှိလာခဲ့ရင် တော့ သင့်အရေးဟာ သူ့ရဲ့မိသားစုဝင်အရေးလောက် အရေးမကြီးနိုင်တော့ပါဘူး

(၃) ဆွေမျိုးသားချင်း

အများသောအားဖြင့် ဆွေမျိုးသားချင်းဆိုတာ ရွှေရှိမှမျိုးတော် ချင်ကြတာများပါတယ် ။ ကိုယ့်အပေးမှာ သူတို့ချိုသလောက် ကိုယ့်အယူမှာ သူတို့ ငြူစူ တတ်ကြပါတယ် ။

(၄) မိတ်ဆွေ သူငယ်ချင်း

မိတ်ဆွေ သူငယ်ချင်း ဆိုတာ ညီအကိုမောင်နှမ ထက် ဒီဂရီနဲနဲလျော့ တဲ့ပတ်သက်မှုလေးတစ်ခုပါ (စစ်မှန်သော မိတ်ဆွေ သူငယ်ချင်းများ ကိုသာရည်ရွယ်ပါသည်) ။

သူတို့လည်း သင့်ရဲ့ ညီအကိုမောင်နှမ သင်လိုအပ်တဲ့အခါတိုင်းရောက်လာပေးနိုင်ပေမဲ့ 

ကိုယ်ဆီမိသားစု ရှိလာခဲ့ရင် တော့ သင့်အရေးဟာ သူ့ ရဲ့မိသားစုဝင် အရေးလောက် အရေးမကြီးနိုင်တော့ပါဘူး

(၅)ကြင်ဖော်

ကြင်ဖော်စစ်ရင် ဂုဏ်တင့်သတဲ့

မိန်းမတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဟာ ကြင်ဖော်ယောက်ျားပေါ်အများကြီးမူတည်တယ် ။

အောင်မြင်တဲ့ယောက်ျားတစ်ယောက်ရဲ့ နောက်ကွယ်မှာသူ့ကိုပြုစုစောင့်ရှောက်ပေးတဲ့ အားပေးနွေးထွေးတဲ့ ဇနီးမယားကောင်းတစ်ယောက်ရှိနေတတ်တယ် ။

ငယ်စဉ် မိဘရဲ့အစောင့်အရှောက်ကြောင့် ပူပန်သောကနည်းနိုင်သလောက်နဲခဲ့ပေမဲ့ ကိုယ်တိုင်ထူထောင်ခဲ့တဲ့ ဘဝကြတော့ ကိုယ်ထင်ထားသလောက် သက်သာချင်မှသက်သာလိမ့်မယ် ။

အပူအပန်တွေ အနိမ့်အမြင့် အတက်အကျတွေ ကြုံတွေ့လာခဲ့ရင် ဘာပဲဖြစ်နေနေ ရေပူရေချမ်းကမ်းပြီး ကိုယ်ရဲ့ စိတ်ပျက်အားငယ်စရာအဖြစ်တွေ ၊ ဖြစ်ချင်တာတွေ ဖြစ်မလာခဲ့လို့ ထွက်ကျလာတဲ့ ဒေါသတွေ ၊ ကိုယ်အောင်မြင်ခဲ့လို့ ရလိုက်တဲ့ အပြုံးတွေ ကိုယ်ရဲ့အခြေအနေအားလုံးကို လက်ခံ သုံးသပ် မျှဝေ ကူညီတတ်တဲ့



သင့်ရဲ့ကျန်ရစ်နေသေးတဲ့ အချိန်နဲ့ နောက်ဆုံးအချိန်ထိ သင့်ကိုအချိန်ပေးပြီး ကူညီစောင့်ရှောက် ဖေးမ နိုင်တဲ့ သူဟာ သင်ရဲ့ဘဝကြင်ဖော်ကောင်း ပါပဲ ။ ။










Wednesday, August 18, 2010

ဖြေတွေးတတ်ပါစေ၊ ဖြည့်တွေးပေးနိုင်ပါစေ၊လက်လွှတ်တတ်ပါစေ၊အတိတ်မေ့တတ်ပါစေ




ဖြစ်စဉ် (၁)


ကိုယ်မှာမရှိတဲ့ အရာသူ့မှာရှိကောင်းရှိမယ် သူမှာမရှိတဲ့အရာလည်း ကိုယ့်မှာရှိတယ်လို့ဖြည့်တွေးပါ

သူ့မှာ ကိုယ်ချစ်သူထက် ချောပြီး ဥစ္စာပေါတဲ့ချစ်သူရှိတယ်ဆိုပါစို့ သူ့ကို ကိုယ်မနာလိုဖြစ်မယ်

ကိုယ့်ချစ်သူအပေါ် အထင်အမြင်သေးမိမယ်ဆိုရင် ဘယ်လောက်အကျီးတန်တဲ့အတွေးလည်း

အဲ့လိုတွေးမဲ့ အစား ကိုယ်ချစ်သူက အရမ်းမလှလို့ သူများဦးမှာမပူရဘူး ၊ ဥစ္စာပေါတဲ့သူက ကိုယ့်အပေါ်

ကြင်ကြင်နာနာ  နွေးနွေးထွေးထွေး ဆက်ဆံ ချင်မှ ဆက်ဆံလိမ့်မယ် လို့တွေးပါ ။ ကိုယ့်ချစ်သူရဲ့ 

အားသာချက်လေးတွေကို ရှာကြံ စဉ်းစားကြည့်ပါ ။

ဒါဆို ကိုယ်ရော သူရောနာကျင်မှုလျော့စေတယ် ။

နှစ်ဦးစလုံးတစ်ယောက်ကိုတစ်ယောက်ပိုတန်ဖိုးထားတတ်လာမယ် ။

ကိုယ့်ရဲ့ လိုချင်ရမက်တွေက ကိုယ့်ရဲ့စိတ်ကို မောပန်းချိနဲ့စေတယ် ။

ကိုယ့်အတ္တတွေထက် ကိုယ့်ကို ကိုယ်ပိုချစ်ကြည့်လိုက်ပါ ။ ကိုယ့်ကိုကိုယ် သက်သက် သာသာလေးဖြစ်အောင်တွေးပေးပါ ။



ဖြစ်စဉ် (၂)



ကိုယ့်ကိုပစ်ပြီး သူနောက်တစ်ယောက်နဲ့ပါသွားခဲ့ရင် လက်လွှတ်ပေးလိုက်ပါ ကိုယ်ကကိုယ့် ကိုမချစ်တဲ့သူ ဆုံးရှုံးတာ သူကကိုယ့်လို သူ့ကိုအရမ်းချစ်တဲ့သူကို ဆုံးရှုံး တာ “ သူကမှ အရှုံးသမား ”

ခပ်ပေပေ ဇွဲကောင်းကောင်းနဲ့ သူ့လက်ကိုဆွဲ မထားသင့်တော့ဘူး လေ ။

ရုန်းနေတဲ့သူရော အတင်းဖမ်းဆုပ်ထားတဲ့ ကိုယ်ရောအနာတရဖြစ်စေတယ်

ထွက်သွားချင်တဲ့သူကို သွားပါစေပေါ့ ။

ကိုယ်နဲ့ထိုက်တန်ရင် ဘယ်လိုအတားအဆီးရှိရှိ ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်ကြီးရောက်လာလိမ့်မယ် အဲဒီလောက်ကြီး ကိုယ့် ကို ကိုယ် မညှင်းဆဲပါနဲ့ ။

ထမင်းမစားတာ၊အရက်တွေချည်းသောက်နေတာ၊ ငိုတာ၊ အခန်းအောင်းတာ၊ စိတ်အနှောင့်အယှက်ဖြစ်တာ…..

ဒါတွေက လူနုံ့လူအတွေ လုပ်တဲ့အလုပ်ဖြစ်တယ်။

နောက်ဆုံးသူ့ကိုချစ်ပြတဲ့အနေနဲ့ လွတ်လပ်ခွင့်ပေးလိုက်ပါ ။

သူကိုစွန့်လွှတ်ပြီးတဲ့နောက် ကိုယ့်မနက်ဖြန်တွေကို တန်ဖိုးထားပါ ။ ပိုခမ်းနားသထက် ခမ်းနားအောင်ဖန်းတီးပါ ။

ရှင်သန်နေထိုင်ခြင်းမှာ တစ်ဦးတစ်ယောက်တည်း ပါဝင်ပတ်သက်နေတာမဟုတ်ပါဘူး အနီးစပ်ဆုံးမိဘရှိမယ် ၊

ညီအကိုမောင်နှမတွေရှိမယ် ၊ဆွေမျိုးတွေ သူငယ်ချင်းတွေ အသိုက်အမြုံလေးတစ်ခုလို ပါဝင်ဖွဲ့တည်နေတယ် ။

သူမရှိတဲ့ကိုယ့်မနက်ဖြန် ဟာကိုယ်ထင်ထားသလောက်အထီးမကျန်ဘူး ၊ အကျီးမတန်ဘူး ဆိုတာသိလာလိမ့်မယ်



ဖြစ်စဉ် (၃)



ကိုယ်ချစ်သူမှာ အရင်ကချစ်သူတွေအများကြီးရှိခဲ့မယ်။ သူ့ရဲ့အတိတ်ကိုမသိသေးခင် သူနဲ့ချစ်သူဖြစ်ခဲ့ကြတယ် ဆိုပါစို့ ။

ကိုယ်သူ့ကို အရမ်းချစ်မိသွားချိန်မှာ သူ့ဆီကအမှတ်မထင် ရည်းစားဟောင်းရဲ့ ပြန်ဆက်ဖို့ကမ်းလှမ်း တဲ့စာတွေ့ခဲ့ရင် ..

ကိုယ့်ကို ကိုယ် ယုံကြည်ပါ ။ သူနဲ့ပတ်သက်ခဲ့ဖူးတဲ့ အတိတ်မို့ သူကိုပဲဆုံးဖြတ်ခွင့်ပေးလိုက်ပါ ။

အကယ်၍ ကိုယ့်ဖာသာသွေးရူးသွေးတန်းဆုံးဖြတ်လိုက်ပြီး ရည်းစားဟောင်းကိုသွားရန်တွေ့ခဲ့ရင် ကိုယ့်ကို

ကိုယ် ယုံကြည်မှု မရှိကြောင်းပြရာရောက်သလို ကိုယ့်ချစ်သူက သူ့ရည်းစားဟောင်းကို

အားနာစိတ်ဝင်သွားပြီး ရည်းစားဟောင်းဘက်ပါအောင်တွန်းပို့ပေးသလိုဖြစ်သွား တတ်ပါတယ် ။

ကိုယ့်ဖာသာကြိပ်ပြီးမြိုသိပ်ခံစားနေရင် ဘယ်လောက်သနားစရာကောင်းတဲ့လူလည်း

ချစ်ခြင်းမှ ပွင့်လင်းတတ်ဖို့ လည်းလိုတယ် ။

မပွင့်လင်းပဲ မမေးမမြန်းဘဲ တိတ်တိတ်လေးသူ့ကိုစွန့်ခွာဖို့ဆုံးဖြတ်ခဲ့မယ်ဆိုရင် အရင်ဆုံးသင့်ကိုယ်သင် မေးပါ 

ငါဘာကိုကြောက်လို့ထွက်ပြေးရတာလည်း ငါဘာအမှားလုပ်ခဲ့လို့လည်း

အကယ်၍ ကိုယ့်ချစ်သူဟာ ကိုယ့်ကိုပဲချစ်ဖို့ဆုံးဖြတ်ထားခဲ့သူဆိုရင် သူရဲ့အချစ်ကို မထီမဲ့မြင်ပြုရာရောက်တယ်

သင့်ကိုချစ်တဲ့သူကိုသင် စွန့်လွတ်ရဲပါသလား

ဒီလိုမထင်မှတ်တဲ့ စမ်းသပ်မှုလေးတစ်ခု ကနေသင့်တို့နှစ်ယောက်ရဲ့ ပတ်သက်မှုလေးကို ပိုခိုင်မာသွားစေနိုင်သလို

ပိုပြီးအကြမ်းခံတဲ့ Relationship တစ်ခုလည်းတည်ဆောက်ပြီးသားဖြစ်သွားတယ် ။

သူ့ရဲ့အတိတ်ကို မေ့ပေးလိုက်ပါ ။  သူ့ကို သူ့အတိတ်က အဟာင်းတွေထက်ပိုချစ်ပြလိုက်ပါ ။     ။



အဲဒီလို ကိုယ်ထင်ထားသလောက် ဇာတ်သိမ်းမကောင်းခဲ့ဘူးဆိုရင်………………….


သူတပါးလုယူသွားနိုင်တဲ့ချစ်သူဟာ အပေါစားချစ်သူတစ်ယောက်ပဲ

ကိုယ်နဲ့မတန်ဘူးလို့ခပ်ညစ်ညစ်လေးတွေးပြစ်လိုက်ပါ ။သူနဲ့ပတ်သက်ခဲ့တဲ့ ကိုယ့်ရဲ့အတိတ်ကိုမေ့ပြစ်ပြီး ။

သင့်ကိုသင် ပိုပြီးချစ်သထက်ချစ်ကြည့်ပါ ။ တန်ဖိုးထားမြတ်နိုးလိုက်ပါ။ ။

Thursday, July 15, 2010

နောက်မကျပါနဲ့ ချစ်သူ




နောက်ကျခြင်းက ဘယ်အရာအတွက်မှမကောင်းဘူးမဟုတ်လား ။

အချိန်ဆိုတာ အလကားရတဲ့အရာ ဆိုပေမဲ့ တန်းဖိုးသက်မှတ်လို့မရဘူး

အချိန်ဆိုတာ သုံးစွဲခွင့်ရှိတဲ့အရာ ဆိုပေမဲ့ ပိုင်ဆိုင်ခွင့်မရဘူး

အချိန်ဆိုတာ တစ်ခါဆုံးရှုံးသွားရင် ဘယ်တော့မှအစားပြန်မရဘူး

ချစ်သူ နှစ်ယောက် တွေဆုံဖို့ချိန်းဆိုတဲ့ အချိန်က နပိုလီယံ နိုင်ငံတစ်ခုကိုသိမ်းတာလောက် အရေးကြီးချင်မှကြီးလိမ့် မယ်

ဒါပေမဲ့ အလုပ်တွေ များတဲ့ကြားက ညှိနှိုင်းယူထားရတဲ့ ချစ်သူ နှစ်ယောက် ရဲ့ တွေ့ဆုံခြင်းက သူတို့ရဲ့မနက်ဖြန်တွေအတွက် အားအင်သစ်တွေ မွေးဖွားပေးတယ် ။ ဘဝအမောတွေကို ချွေးသိမ့်စေတယ် ။

နိုင်ငံတစ်ခုကို သိမ်းနိုင်ခဲ့လို့ ပြုံးလိုက်တဲ့ နပိုလီယံရဲ့ အပြုံးထက် ချစ်သူ နှစ်ယောက် ရဲ့ တွေ့ဆုံချိန် အပြုံးကအဆတစ်ထောင်မက ငြိမ်းချမ်းတယ် ချိုမြိန် လှပတယ် ။

ဘယ်လက်နက် ဘယ်အင်အား နဲ့မှ ခြိမ်းခြောက် သိမ်းယူ လို့မရဘူး ။ ဘယ်အရာနဲ့မှလည်း ပေးဝယ်လို့မရဘူး ။

ဒါကြောင့် ကိုတို့ရဲ့ တွေ့ဆုံချိန်လေးကို အတတ်နိုင်ဆုံး တန်ဖိုးထားကြရအောင် ချစ်သူ ။

ကျေးဇူးပြုပြီး စိတ်မရှည်တတ်တဲ့ ကို့ရဲ့အကျင့် ဆိုးအတွက် တတ်နိုင်သလောက်

ဆယ်မိနစ်ထပ် နောက်မကျပါစေနဲ့ ချစ်သူ ။

နောက်ကျဖို့အကြောင်းပေါ် လာရင်လည်း SMS လေးတော့ပို့ပေးသင့်ပါရဲ့ ။

ခုဆို ……စောင့်နေရတာ တစ်နာရီ ရှိသွားပြီ ။

ဖုန်းခေါ်တာလည်းမကိုင်တော့ သူလမ်းမှာ တစ်ခုခုများဖြစ်နေပြီလားဆိုတဲ့ အတွေးနဲ့ ချစ်သူအတွက် စိုးရိမ်ပူပန်မိတယ်။

သူငါ့နဲချိန်းထားတာ ကို မေ့သွားလောက်အောင် ဘာတွေများလုပ်နေလည်း လို့ သံသယဝင်မိတယ် ။

ချစ်သူကိုစောင့်ဆိုင်းရင်း တွေးနေတဲ့ အတွေးပေါင်းသောင်းခြောက်ထောင်ကြောင့် ကိုဘယ်လောက် ပင်ပန်းနေလိမ့်မလဲ

တစ်ယောက်ထဲ ကြောင်တောင်တောင်ငေါင်တောင်တောင် ဘယ်လောက် စိတ်ရှုတ်စရာကောင်းလိုက်မလဲ လို့

စာနာကြည့်ပေးပါ ။ တွေးကြည့်ပေးပါ ။

ကိုက စောင့်ဆိုင်းနေရလို့ စိတ်ပင်ပန်းရ သလို

အမောအပန်းနဲ့ ကို့ဆီ အပြေးလာနေရမဲ့ ချစ်သူလည်း ပင်ပန်း နေလိမ့်မယ်လို့တွေးမိပါရဲ့

သက်ပြင်းတစ်ခါ ချရင် အသက်တစ်ရက်တိုသတဲ့ အဲဒီစကားအတိုင်းသာဆို ကိုချစ်သူကို စောင့်ရင်း ချလိုက်ရတဲ့သက်ပြင်းတွေ ကြောင့် ကိုသက်စိုးတောင် ရှည်မယ်မထင်ဘူးနော် ။

ကို့မှာ စောင့်ဆိုင်းစရာ စောင့်မျှော်စရာ ချစ်သူလေးတစ်ယောက်ရှိနေတဲ့ အတွက် ကိုတကယ်ကျေနပ် ပျော်ရွှင်မိပါတယ် ။ ကြည်နူးမိပါတယ် ။

ကံတရားကိုလည်းကျေးဇူးတင်မိပါ၇ဲ့ ။

ဒါပေမဲ့ ကို စောင့်ဆိုင်းခြင်းမှာ နေသားမကျချင်ဘူး ချစ်သူ ။

ပြီးတော့ ချစ်သူကို စိတ် လေးနဲ့တောင် ငြိုငြင် အပြစ်မတင်ချင်ဘူး ။ အပြစ်မတင်ရက်ပါဘူး ။

ကိုစောင့်မျှော်နေလိမ့်မယ် ဆိုတဲ့ အသိလေးနဲ့ ကို့ ဆီကို အချိန်မှီ အရောက်လာပေးပါ ။

ကို စောင့်နေပေါ့မယ်

ဒါပေမဲ့………………………………

ကို စောင့်မနေနိုင်တော့တဲ့ အချိန် အတိုင်းအတာ အထိတော့ နောက်မကျပါစေနဲ့ ချစ်သူ

ကျေးဇူးပြုပြီး ကိုတို့နှစ်ယောက်အတွက်
နောက်မကျပါနဲ့ ချစ်သူ ……………

Wednesday, July 14, 2010

ကို့ ကိုတကယ်ချစ်ပါသလား ချစ်သူ



“ ကိုယ်ကစကားနဲတယ် မပွင့်လင်းဘူး “ ဒါနဲ့ပဲ ကိုက မချစ်တတ်ဘူးတဲ့လား မဟုတ်ဘူးချစ်သူ

အချစ်က နှလုံးသားထဲမှာပဲရှိတယ်။ နုတ်ခမ်းဖျားမှာရှိတာမဟုတ်ဘူး။

မချစ်လို့ ထုတ်မပြောတာမဟုတ်ဘူး။ ချစ်လွန်းလို့ ထုတ်မပြောတာ။

ချစ်လွန်းလို့ ခံစားရမှာစိုးခဲ့တယ်။ ဒါကြောင့် ကိုယ်တိုင်ပဲခံစားခဲ့တာပေါ့ ။

“ကိုက ဂရုမစိုက်ဘူး “တဲ့ မဟုတ်ဘူးချစ်သူ

စီးပွားရှာခွင့်ရတုန်း ရှာနိုင်တုန်း ကို့ လက်ရှိ မိသားစုအတွက်၊ ချစ်သူနဲ့တည်ဆောက်မဲ့အနာဂတ် မိသားစု လေးအတွက်

ကိုကြိုးစားနေချိန်မှာ ချစ်သူရဲ့ အားပေး နားလည် မှုဟာ ကို့ မနက်ဖြန်တွေအတွက် အေ၇းအကြီးဆုံး နေရောင်ခြည်ပါ ။

ကိုက ဂရုစိုက်ချင်ပါတယ် ကို့ရဲ့ဂရုစိုက်ခြင်းကို မဖော်ပြတတ်တာဖြစ်ကောင်းဖြစ်မယ်

အလုပ်တွေပင်ပန်းလွန်းလို့တခါတခါ ကို့ ကိုယ် ကို ဂရုစိုက်ဖို့မေ့နေတဲ့ ကိုက ချစ်သူ ဒီအချိန်ဘာများလုပ်နေမလဲ ကို့ ကိုမေ့များ နေပြီလားလို့ အားငယ်စိုးရိမ်မိတယ် ။

ကို့ ကိုချစ်တယ်ဆိုရင် ကို့အားနည်းချက်အပါအဝင် ကို့ရဲ့အရာအားလုံးကို တတ်နိုင်သလောက် လက်ခံပေးပါ ။

ကို က ချစ်သူရဲ့ ပထမလူမဖြစ်ခဲ့တဲ့အတွက် ကိုနဲနဲမှ ချစ်သူအပေါ် အချစ်မလျော့ဘူး ။

ကို့ မှာလည်း အရင်ကချစ်တဲ့သူရှိကောင်းရှိခဲ့ဖူးမယ် ။

အတိတ်တွေကြောင့် လက်ရှိ ပျော်ရွှင်မှုတွေ ကို မသတ်ပြစ်ပါနဲ့ ချစ်သူ ။

ဒီအချိန် ဒီနေရာလေးမှာ အသက်ရှင်လျှက် ချစ်သူကိုချစ်ခွင့်ပေးခဲ့တဲ့ ကို့တို့နှစ်ယောက်ရဲ့ ကံတရားကို ကျေးဇူးတင်တယ် ။

အချစ်မှာ ယုံကြည်ခြင်းတွေ လိုတယ် ချစ်သူ ။

မယုံကြည်ဘဲ အမြဲသံသယအမေး၊ သံသယအတွေးတွေနဲ့ အချစ်ကိုမယုံကြည်ခဲ့ရင် နောက်ဆုံးမှာ လမ်းခွဲခြင်းနဲ့ပဲ အဆုံးသတ်ရလိမ့်မယ်။

သံသယအတွေးတွေ က ချစ်သူကိုပင်ပန်းစေတယ် ။

ချစ်သူ ပင်ပန်းမှာစိုးရိမ်လို့ ပြီးတော့ လူသက်တမ်းတိုတိုလေးမှာ ချစ်သူနဲ့ ပျော်ပျော်ရွှင်ရွှင်လေးပဲ အချိန်တွေကိုကုန်ဆုံး ခွင့်ရချင်တယ်

ဒါကြောင့် ကိုချစ်သူနားလည်လာတဲ့ထိရှင်းပြဖို့ကြိုးစားခဲ့တာပေါ့ ။

"ချစ်တယ်"ဆိုတဲ့စကားတစ်ခွန်းက တခြားတန်ဖိုးကြီးလက်ဆောင်တွေထက် တစ်ဘက်သားရဲ့ရင်ကို နွေးထွေးကြည်နူးစေပါတယ် တဲ့

ချစ်သူ ကကို့အတွက် ဘယ်တန်ဖိုးကြီးအရာနဲ့မှ လဲမရတဲ့ ကံတရား ရဲ့လက်ဆောင်ပါ

ချစ်သူ ကို အရိုးရှင်းဆုံး ချစ်တယ် ကာကွယ်စောင့်ရှောက်ချင်တယ် လုံခြုံနွေးထွေးမှု ပေးချင်တယ်

ကို့ ရဲ့အချစ်ကို နားလည် ယုံကြည်စွာ လက်ခံပေးပါ ။

ကို့ ကိုတကယ်ချစ်ပါ ချစ်သူ………


ps..သူငယ်ချင်းလေးအတွက် အမှတ်တရ

Tuesday, July 6, 2010

အချစ် နှင့် သူမဧ။် အထုပ္ပတိ (၂)




ကျွန်မရဲ့ညတွေက မျက်တွင်းတွေ နက်သထက်နက်အောင် တူးတယ်။
ကိုယ်ခံစားချက်တွေ ကို ကိုယ်ဖာသာ ထွေးထုတ် ၊ ကိုယ်ဖာသာ ချခင်း ၊ ကိုယ်ဖာသာ ခြေမွှ ၊
ကိုယ်ဖာသာ အမွှန်းတင် လိုက်၊ ရှုံ့ချ လိုက်……………
စာတွေ စာတွေ
တချို့က သခင့်ဆီေ၇ာက်ခွင့် မရလို့ ငိုသတဲ့။
တချို့က ကြေမွ ပြန့်ကျဲနေရင်းကကို ကျွန်မကိုလှောင်ပြောင်နေလေရဲ့။
ကျွန်မမှာ သတ္တိမရှိဘူး မဆုံးဖြတ်ရဲဘူး လို့ဝန်ခံ ပါရစေ ။
သခင် ရဲ့ စာလေးတစ်စောင် ရယ် ၆လဆိုတဲ့ ကာလတိုလေးတစ်ခုရယ် နဲ့ ကျွန်မ့ဘဝကို ကျွန်မချည်နှောင်ပြစ်လိုက်ဖို့ အချစ်တစ်ခုမှာ လုံလောက်စွာ မရူးသွပ်တတ်ခဲ့ဘူး။
ကို့ကိုယ် ကိုတောင် မယုံကြည်ရဲတဲ့ကျွန်မက ပတ်ဝန်းကျင်ကိုရော သခင်ကိုရော ယုံကြည်တတ်ဖို့အချိန်အတိုင်းအတာ တစ်ခုထိတော့လိုအပ်လိမ့်မယ်လို့ သခင် ဖြည့်တွေးသင့်ပါရဲ့ ။
အနာဂတ်ဆိုတာ လက်ရှိပျော်ရွှင်မှုလောက် အရေးမပါဘူးဆိုပေမဲ့ မျှော်လင့်ချက်တွေ အထပ်ထပ်ပေးပြီး လူတစ်ယောက်ရဲ့အနာဂတ်ကို တဖြေးဖြေးချင်း မျှင်းမသတ်ပါရစေနဲ့ ။ မျှင်းမသတ်ချင်ပါနဲ့ ။
ကျွန်မ့မာနကို ကျွန်မ မချစ်ဘူး သခင် ဒါကိုတော့ သခင်ယုံကြည်ပေးပါ
သခင့် မာနကို တော့ ကျွန်မ မုန်းတယ် လို့ ဆိုတာကိုလည်း လက်ခံပေးပါ
ပြီးတော့ “ကျွန်မ မရှိ လည်းဖြစ်တယ် “ တဲ့လား ။
ကျွန်မ မနက်ဖြန်သေမယ် ဆိုရင်တောင် “ ဒီ နေ့တစ်နေ့တော့ လောကကြီးအတွက်ရော ကျွန်မ ချစ်တဲ့သူတွေအတွက်ရော နဲနဲလောက်တော့ အရေးပါချင်ပါရဲ့
ယုံကြည်ခဲ့ဖူးတာက
ကိုတကယ်ချစ်ရမဲ့သူမှန်ရင် နှလုံးသားကအလိုလိုညွှန်ပြ သတဲ့ မှားတယ် (X ၁၀၀%)
တကယ်က
အချစ်ကို မျက်လုံးဖြင့် မြင်အောင်ကြည့်၍ စိတ်ဖြင့်ရိုးရှင်းစွာချစ်ပါ မှန်တယ် (√ ၁၀၀%)
အချိန်က ကျွန်မတို့နှစ်ယောက်ကိုစား သည်…….. အချစ်တွေကိုစားသည် ……..
မိုးတိမ်လေးတစ်စင်းသည် အုံရုံလေးအုံမိုး၍ ရွာမချသွားခဲ့ပါ ။
မိုးပြေးလေးတစ်ခုဆိုရင်တောင် ခဏတာစိုစွတ်ခွင့်ရရုံဖြင့်  ကျေနပ်ကောင်း ကျေနပ်နိုင်ပါသေးရဲ့ ။
ဒီလိုနဲ့
သခင်သည် မသိမသာရောက်လာပြီး မသိမသာထွက်ခွာ သွားခဲ့သော ကျွန်မဧ။် သူစိမ်းတစ်ယောက်သာဖြစ်ခဲ့သည် ။

အချစ်ဆိုတာ လက်ခံဖို့အဆင်သင့် မဖြစ်ခင်ရောက်လာခဲ့ရင် ခပ်ဝါးဝါးအတိတ်တစ်ခု အဖြစ်သာ……………
အချစ်ဆိုတာကို လက်ခံရဲလောက်အောင် ရိုးသားပွင့်လင်းစွာ ချစ်တတ်ပါစေ ။ ။
ချစ်ခြင်းမှာ ရူးသွပ်ပျော်ဝင်တတ်ပါစေ

Friday, July 2, 2010

အချစ် နှင့် သူမဧ။် အထုပ္ပတိ (၁)



သူမသည် အရောင်အသွေးစုံစွာ အလှအပ များ မွမ်းမံ၍ သူတကာကို အမြင်အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်..
သူမသည် မေွးှ ကြိုင် ထုံအီစွာ ယစ်မှူး ပျော်ဝင်စေ၍ သူတကာကို အနံ့အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်..
သူမသည် သာယာငြိမ့်ညောင်းသော တေးသွားတို့ကိုသီကျူး၍ သူတကာကို အကြား အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် ချိုမြ အီစိမ့် ၍ သူတကာကို အရသာ အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် အိစက် နူးညံ့ ပျော့ပျောင်း ၍ သူတကာကို အတွေ့အထိ အာရုံ ဖြင့် ဆွဲဆောင်တတ်သော အရာမဟုတ်…
သူမသည် အမြင် အနံ့ အကြား အရသာ အတွေ့အထိ ဘာ အစွမ်း သတ္တိ တစ်ခုမှမရှိသော " နာမည်ခံ ဒြပ်မဲ့ " တစ်ခုသာဖြစ်သည် ။
အမြင် အနံ့ အကြား အရသာ အတွေ့အထိ ကို လူတွေ ကိုယ်တိုင် ဖန်တီး ကိုယ်တိုင် မွေးမြူ ကိုယ်တိုင် သိမ်းဆည်း ပြီး ကိုယ်ဖာသာကိုယ် စွဲလန်း ယစ်မူးခုံမင် နေကြခြင်းသာဖြစ်သည် ။
သူမသည် ဘာမှမဆီ မဆိုင် တရားခံ အဖြစ်ရုံးတင် ခံရ သော သက်သေခံ တစ် ယောက် ဖြစ်သည် ။
သူမသည် ဘာမှမဆီ မဆိုင် လက်ညှိုးထိုးအပြစ်တင် ခံရ သော အစွတ်စွဲ ခံ တစ် ယောက် ဖြစ်သည် ။
သူမသည် ဖန်တီးမှုဧ။် အမည် နာမ တစ်ခုသာ ဖြစ်သည် ။
ကိုယ်တိုင် ဖန်တီး ထားသော နွံ ထဲတွင် မရှူနိုင် မကယ်နိုင် မရုန်းနိုင် ဖြစ်မှ ဒီ အချစ် ကြောင့်ရယ်လို ခေါင်းစဉ်လှလှတတ်လိုက် ကြခြင်း သာ။ ။
အချို့က အချစ်က လူကို စားသည် တဲ့ မှားတယ် X (၁၀၀ %)
လူတွေက အချစ် ကိုစားသည် မှန် တယ် (၁၀၀%)
အချစ်သည် လူတွေရဲ့ စိတ်အာရုံ အလိုက် အရောင်ပြောင်းလိုက် ငွေ့ရည်ဖွဲ့လိုက် ရွာချလိုက် ဖြင့် လူတွေရဲ့ ဘဝထဲ အစီးမျောခံ မြစ်တစ် စင်း ဖြစ်သည် ။
အချစ်သည် လူတွေရဲ့ စိတ်အာရုံ ပုံစံခွက်အလိုက် သဏ္ဍန်ပြောင်းလဲ တတ်သော လူတွေ အသက်ဆက်ဖို့ မရှိမဖြစ် ရေ ဖြစ်သည် ။
အချစ်သည် မပြောင်းလဲတတ်ပါ လူတွေကသာ ပြောင်းလဲ နေခြင်းဖြစ် သည် ။