Friday, August 13, 2010

ရထားလေးရဲ့ နောက်ဆုံးဘူတာ



ငါခုတ်မောင်းခဲ့တယ်

နွေရာသီ

မိုးရာသီ

ဆောင်းရာသီ

အယုအယခံချင်လို့

ငြိမ့်ငြိမ့်ညောင်းညောင်း ခုတ်မောင်းပြခဲ့ဖူးတယ်

စိတ်ပျက်စွန့်ခွာ မှာစိုးလို့

ခပ်တိတ်တိတ်လေးပဲ ထွက်ခွာပေးခဲ့ဖူးတယ်

စိမ်းစိုလယ်ကွင်းတွေ

ဖုန်ထူလွင်ပြင်တွေ

နိမ့်မြင့်တောင်တန်းတွေ

အေးစိမ့်စမ်းချောင်းတွေ

အားလုံးက ငါ့ဘေးက

တဒင်္ဂ လေးဖြတ်သန်းစီးဆင်းလို့

ဘူတာလေးတွေ သစ်လိုက်ဟောင်းလိုက်

ငါကို သူတို့ အပြီးတိုင်ရပ်နားခွင့်မပေးခဲ့ကြဘူးလေ

လက်ပြနှုတ်ဆက်ရင်း “ ရှေ့ဆက်လိုက်ပါဦး ” တဲ့ ။ ။


နွေရာသီ

သူက လွမ်းပြနေတာတောင်

ငါမလွမ်းတတ်ခဲ့ဘူး

“ကြွေကျပြီးတဲ့ သစ်ရွက်ကို

ဘယ်တော့မှ သစ်ပင်က ပြန်လက်မခံတတ်ဘူး ”လို့ ငါပြောတော့

မစာနာတတ်လိုက်တာတဲ့

ငါခုတ်မောင်းနေခဲ့တာ ၂၅နှစ်ကျော်ပြီ

ကျန်ရစ်ခဲ့တဲ့ဘူတာတွေ

ငါ့ရဲ့ မောပန်းနွမ်းနယ်မှုကိုမစာမနာ

သူတို့ ငါကို မောင်းထုတ်ခဲ့ကြတာပဲလေ ။ ။



မိုးရာသီ

မိုးပြေးရော ထစ်ချုန်းမိုးရော

မညှာမတာ ငါ့ပေါ်ရွာချကြတယ်

ငါ အအေးမိတော့မှ

ငါပေါ်ကို ကုန်တွေတင်ပြီး

ပြစ်ပြစ်ခါခါ မောင်းထုတ်ခဲ့ကြပြန်တယ်

မှတ်မှတ်ရရပေါ့

ရေစိုစိုထဲ ကွဲတဲ့အသဲက

စပ်ဖြင်းဖြင်းလေးရယ်။ ။



ဆောင်းရာသီ

နင်ငါ့ကို မအေးခဲမှီ

ငါကိုငါ အေးခဲစေလိုက်မယ်

လမ်းကြုံလို့တောင်မြူမဆိုင်းပါနဲ့တော့

မင်းလည်းငါ့ပေါ် ဝန်တင်နိုင်တယ်

ငါလေးတယ်ထင်တဲ့ တနေ့

အရာအားလုံးကိုရော မင်းကိုရော

ဖြုတ်ချပြီး ခရီးဆက်နေဦးမှာပဲ ။ ။



အသစ်တွေ ဟောင်းသွားကြတယ်

နောက်……..

နွေရာသီ တွေ

မိုးရာသီ တွေ

ဆောင်းရာသီ တွေ

ဒီလိုနဲ့ ……..

အားရပါးရ ရယ်သံ တစ်ခုအကြားမှာ

ငါ့ရထားလေး အိနြေ္ဒမဆည်နိုင် လမ်းချော်တယ်

မျှော်လင့်ချက် အသေတွေနဲ့ င့ါကို

ကြောင်တောင်တောင်ကြည့်တတ်ပြီး

မေးခွန်းတွေ အမိန့်ချိုချိုတွေ ပေးတတ်တဲ့ဘူတာရုံလေး က

တလူလူလွင့်နေတဲ့ ငါ့မီးခိုးတန်းတွေကို နားခွင့်ပေးလိုက်တယ်

လေးလံနေတဲ့ ငါ့ ဝန်တွေကို ဖြေလျော့ ပေါ့ပါးစေတယ်

မွတ်သိပ်ဆူလောင်နေတဲ့ ငါ့ ဥသြဆွဲသံကို တိတ်ဆိတ် ငြိမ်ချမ်းစေတယ်

သူက

မနက်ဖြန်ဆိုတဲ့ကောင် က မင်းထင်သလောက်ရုပ်မဆိုးပါဘူးတဲ့

ငါသာကြယ်တစ်ပွင့်ဆို မင်းရင်ခွင်ထဲမှာ ကြွေကျပြစ်လိုက်ချင်တယ် တဲ့

ဘူတာရုံလေးရေ

ငါရဲ့ခပ်စူစူနှုတ်ခမ်းတစ်စုံ ကို မင်းရဲ့အပြုံးရည်သွန်းလောင်းလိုက်ချိန် ….

မနက်ဖြန်တွေမှာ မင်းရဲ့ ဥသြဆွဲသံလေးနဲ့ပဲ

ငါ    နိုးထနိုင်တော့မယ်ထင်ပါရဲ့ ။ ။

1 comment: