Wednesday, August 11, 2010

ပြုံးပါ သမီးလေးရေ




လောကကြီးထဲက ဘယ်သူတွေဘယ်လောက်ပဲဖြူစင်တယ်ရိုးသားတယ်ပြောပြော သမီးလေးရဲ့အပြုံး သမီးလေးရဲ့ အတွင်းစိတ်လောက် ကြည်လင် ရိုးသားကြမယ်မထင်ဘူး ။


ဘာကြောင့်လဲဆိုတော့ သမီးလေးက အတွေးမများဘူး ။ လောဘတွေ မာန်မာနတွေလည်းသမီးလေးမှာ မရှိဘူး ။ အဲဒါတွေကို သမီးလေး သိလည်းမသိဘူး စိတ်လည်းမဝင်စားဘူး ။

သမီးလေးခုဆို  ဆယ်ရှစ်နှစ် ပြည့်ပြီ နော် ……

လတွေ နှစ်တွေပြောင်းသွားလည်း သမီးလေးရဲ့ဟန် သမီးလေးရဲ့အပြုံး သမီးလေးရဲ့အတွေး သွက်လက်ဆဲ ၊ ချိုမြိန်ဆဲ ၊ ရိုးရှင်းဆဲ ။

သမီးလေးက မေမေပြောပြနေကြ အိပ်ယာဝင်ပုံပြင်လေးတွေကို နှစ်သက်ဆဲပဲ မငြီးမငွေ့နားထောင်တတ်တုန်းပဲ ။

သမီးလေး က မွေးနေ့လက်ဆောင်အဖြစ် အရုပ်တွေ၊ အင်္ကျီတွေ ၊ ဖိနပ်တွေ ၊ အသုံးအဆောင်အလှအပတွေ မပူဆာတတ်ခဲ့ဘူး ။

သမီးလေးက ညဘက် night out ထွက်ပြီး ညဉ့် နက်သန်းခေါင်မှပြန်လာတတ်တဲ့ ခုခောတ် အချို့ဆယ်ကျော်သက်တွေလိုမဟုတ်ဘူး ။

မိန်းကလေးတန်မဲ့ ဆေးကရက်သောက် ဘီယာသောက်ပြီး အမူးလွန်လို့ အိမ်ကသွားကြို ရတာမျိုးလည်းမရှိဘူး ။

ခုခောတ် အချို့ဆယ်ကျော်သက်တွေရည်းစားကို မှိုလိုပေါက်အောင်ထားတတ်တဲ့အထဲမှာ

သမီးလေးက လူငယ်သဘာဝ လက်တွဲဖော်ရည်းစားလေးတစ်ယောက်တလေ တောင်မရှိ ခဲ့ဖူးဘူး။

ဒါပေမဲ့ သမီးလေးရယ် မေမေ အသက် ခု ခြောက်ဆယ် နောက်ဘယ်လောက်ထိအသက်ဆက်ခွင့်ရမလဲ မသေချာဘူး ။
မေမေ မရှိရင် သမီးလေးကိုဘယ်သူစောင့်ရှောက်ပေးနိုင်မလဲ သူများတွေပို့နေကြသမီးလေးလို သာမန်ကလေးတွေလိုမတွေးခေါ် မသင်ယူ မကြံစည်နိုင် တဲ့ ကလေးလေးတွေ နေတဲ့  ဂေဟာကို လည်းမပို့ခဲ့ချင်ဘူး ။

တောင်းပန်ပါရစေ သမီးလေးရယ်……

မေမေ နဲ့ဖေဖေ က အတ္တကြီးတယ် လောဘကြီးတယ် အမြင့်တစ်နေရာရောက်နေတာတောင် ထက်ပြီးမြင့်တဲ့နေရာတွေကို အရောက်သွားခဲ့ကြတယ် ။

ပညာ ဥစ္စာဓန ရာထူးဂုဏ်ရှိန်တွေနောက် မေမေတို့နှစ်ယောက် တတ်ညီလက်ညီ အသောမတတ်နိုင် လိုက်ခဲ့ကြတယ် ။

သမီးလေးရဲ့ဖေဖေ ဒေါက်တာဘွဲ့  ထိရနိုင်ခဲ့သလို ။ မေမေ လည်း ယောက်ျားနဲ့ရင်ဘောင်တန်းနိုင်ဖို့ ဒေါက်တာဘွဲ့ ထိအရယူခဲ့တယ် ။

ဖေဖေရော မေမေရောကအစိုးရိမ်ကြီးကြတယ် ။ မေမေတို့လိုချင်တာတွေ ဖြစ်ချင်တာတွေ လုပ်ချင်တာတွေ မရလိုက်မှာ မလုပ်ဖြစ်မှာ စိုးရိမ်တယ် ။

ပြီးတော့ သမီးလေးေ၇ာက်လာခဲ့ရင် မေမေတို့ရဲ့သမီးဖြစ်ခွင့်ရလို့ ပတ်ဝန်းကျင်အလယ်မှာအမြဲအရေးပေးဆက်ဆံခံရစေချင်တယ် ။ ဂုဏ်တတ်စေချင်ခဲ့တယ် ။

အဲဒီအချိန်တုန်းက မေမေတို့နှစ်ယောက် ကိုပတ်ဝန်းကျင်က Perfect Harmony စုံတွဲလို့ အားကျ အသိအမှတ်ပြု ခဲ့ကြတယ် ။

တကယ်တော့ Harmony ဆိုတာ တစ်ယောက်ရဲ့လိုနေတဲ့နေရာကို တစ်ယောက်ကထောက်ပြနိုင်ရမယ် ။ တစ်ယောက် အရှိန်လွန်နေရင် တစ်ယောက်က ထိန်းသိမ်းတည့်မတ်ပေးရမယ် ။

တကယ်တော့ မေမေတို့ က မျဉ်းပြိုင်တွေလို ပြိုင်နေမှန်း သတိမထားတတ်ခဲ့ဘူး ။

ဒီလိုနဲ့ ဖေဖေရော မေမေရော သမီးလေးကိုမေမေတို့ရဲ့ ဘဝထဲဝင်လာခွင့်ပြုဖို့ နှေက်နှေးစေခဲ့ကြတယ် ။

တနေ့ မေမေ့ အသက် သုံးဆယ်ကိုးနှစ်ပြည့်မွေးနေ့ ညစားစားပွဲမှာ မတွေ့ဖြစ်တာကြာပြီဖြစ်တဲ့ မေမေ့သူငယ်ချင်းဟောင်းတစ်ယောက်က သူ့သမီးလေးလက်ဆွဲပြီးမေမေ့တို့ကို မိတ်ဆက်ပေးတယ် ။

“ ဒါင့ါ သမီးလေးလေ ငါနဲ့တူတယ်မဟုတ်လား ” လို့ပြုံးပြီးပြောတယ် ။

အဲဒီအချိန်မေမေ တွေးမိလိုက်တယ်…………………………

မေမေ့မှာ ဒီလိုပြုံးပြီး မိတ်ဆက်ပေးဖို့ မေမေတို့နဲ့တူတဲ့ သမီးလေးမရှိဘူး

မေမေ မိခင်တစ်ယောက်ရဲ့ ဂုဏ်ယူဝံ့ကြွားတဲ့ အပြုံးမျိုးမပြုံးနိုင်သေးဘူး


( မိခင်တစ်ယောက်ရဲ့ မိခင်စိတ်အပြည့်နဲ့ ပြုံးလိုက်တဲ့ အပြုံးဟာမိုနာလီဇာအပြုံးလောက် ကမ္ဘာကြော်ချင်မှကြော်မယ်

ဒါပေမဲ့ ဘယ်ဖန်တီးရှင် ဖန်ဆင်းရှင်ကမှ ထပ်တူညီအောင်နှိုင်းဖွဲ့ချယ်မှုန်း ပြနိုင်မည်မဟုတ်ပါ။ )


မေမေတို့အသိနောက်ကျခဲ့တယ်

မေမေ့အသက် လေးဆယ်နှစ်နှစ်မှ သမီးလေးမေမေတို့ဆီရောက်လာနိုင်ခဲ့တယ်

ကံတရားကနောက်ကျတဲ့သူကို သိပ်မျက်နှာသာ မပေးတတ်ဘူး သမီးလေးရယ်

မေမေတို့ရဲ့နောက်ကျခြင်းက သမီးလေးရဲ့ဘဝကိုဒီလောက်ထိဆိုးရွားအကျီးတန်စေခဲ့မယ်လိုမေမေ မတွေးခဲ့မိဘူး ။

ခုတော့ မေမေတို့နှစ်ယောက်နဲ့ သမီးလေးကို ပတ်ဝန်းကျင်က ဝေဖန် လှောင်ပြောင်နေကြလေရဲ့

တခါတခါ ပတ်ဝန်းကျင်ဆိုတာ အလကားပေးကြည့်တဲ့ ရုပ်ရှင်တစ်ကားကို တပြားမှ အဖိုးမတန်တော့တဲ့ အထိအပြစ်တင် ဝေဖန်တတ်တာမျိုး ။

အချို့က မေမေတို့အဖြစ်ကိုကြည့်ပြီး သံဝေဂရကြတယ် သနားစာနာနေကြလေရဲ့ ……

တကယ်တော့ ပစ္စည်းဥစ္စာမရှိလို့ရလိုက်တဲ့ သနား စာနာ ဂရုနာသက်မှုထက် ပစ္စည်းဥစ္စာရှိလျှက် လူသာမန်တစ်ယောက် လောက်မတွေးခေါ် နိုင်ခဲ့လို့ ရလိုက်တဲ့ သနားစာနာ ဂရုနာသက်မှု က လက်ခံလိုက်ရတဲ့သူကိုပိုပြီးနာကျင်စေတယ် ။

မေမေရင်နာလိုက်တာသမီးလေးရယ် ။

မေမေ ငိုနေတာကိုမြင်နေပါလျှက် ပြုံးပြီးကြည့်နေတဲ့သမီးလေးကိုမေမေစိတ်မဆိုး၇က်ပါဘူး

ပြုံးပါ သမီးလေးရေ အလှဆုံးပြုံးနေလိုက်ပါနော် ……………………………



No comments:

Post a Comment